ယမန်နေ့ က ရန်ကုန်တက္ကသိုလ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ “ကျောင်းသားနဲ့ နိုင်ငံရေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲဟာ ခွင့်ပြုမိန့် မရတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရသည်။
ဟောပြောမယ့်သူတွေရဲ့ ကိုယ်ရေးရာဇ၀င်တွေ၊ ဟောပြောမယ့် အကြောင်းအရာတွေကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ထံ တင်ခဲ့ပေမယ့် ခွင့်ပြုချက် ပေး မပေးကို အကြောင်းပြန်ကြားခြင်းမရှိတာကြောင့် ရက်ရွှေ့လိုက်ရတာ လို့ ပါဝင်ဟောပြောဖို့ စီစဉ်ထားတဲ့ တောင်ကုတ်တက္ကသိုလ်က ဒေါက်တာ အာကာမိုးသူ က ပြောပါသည်။
“ကိုယ်ရေးရာဇ၀င်တွေလည်း တောင်းတယ်၊ နောက်ပြီးတော့ လူဦးရေ ကန့်သတ်ချက်တွေလည်း တောင်းတယ်၊ ဆွေးနွေးပွဲမှာ အသေးစိတ်ပြောရမယ့် အကြောင်းအရာတွေလည်း တောင်းတယ်၊ သူကအမြဲတမ်းတောင်းနေကျ သဘောသဘာဝတော့ မရှိဘူး၊ ကျနော်တို့က ကိုယ်ရေးရာဇ၀င် လိုချင်တယ်ဆိုလို့ ပေးတယ်၊ ဟောပြောမယ့် အကြောင်းအရာတွေကတော့ ကျောင်းသူ၊ ကျောင်းသားတွေကို ကျနော်တို့ ရှင်းပြခဲ့တယ်၊ ကျနော်တို့ ဟောပြောပွဲ ကို ခွင့်ပြုတယ်လည်း မပြောဘူး၊ ခွင့်မပြုဘူးလည်း မပြောဘူး၊ ဘာမှအကြောင်းပြန်ချက် မရတဲ့အတွက် ကျောင်းသားသမဂ္ဂက ဒါကို ရက်စွဲရွှေ့လိုက်တယ်လို့ ထင်တယ်”
ဒါ့အပြင် ကျောင်းသားနဲ့ နိုင်ငံရေး ဆိုတဲ့စကားလုံးကို မသင့်တော်ဘူးလို့ မြင်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က မှတ်ချက်ပေးခဲ့တယ်လို့ ဒေါက်တာ အာကာမိုးသူ က ပြောပါသည်။
ကျောင်းသားနဲ့ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်၊ စစ်ကိုင်းလမ်းက ဆရာများသမဂ္ဂ ရုံးခန်းရှေ့မှာ ယမန်နေ့  နေ့လည်ပိုင်းမှာ ကျင်းပဖို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အပါအ၀င် ကျောင်းသား အဖွဲ့တွေ စုပေါင်းပြီး စီစဉ်ထားတာခြင်းဖြစ်သည်။
အဆိုပါပွဲတွင် NNER က ဒေါက်တာ သိန်းလွင်နဲ့ တောင်ကုတ် တက္ကသိုလ် အရှေ့တိုင်းပညာဌာနက ဒေါက်တာ အာကာမိုးသူ တို့က ဟောပြောကြဖို့ စီစဉ်ထားပါသည်။
ဤကိစ္စနဲ့ပတ်သက်ပြီး ကျောင်းအာဏာပိုင်တွေက ကျောင်းတွင်း လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ ဆွေးနွေးခွင့် စတဲ့ ပညာရေးလွတ်လပ်ခွင့် အခြေခံမူတွေကို ဖိနှိပ်ကန့်သတ်တဲ့အတွက် ပွဲကျင်းပရာမှာ အခက်အခဲ ဖြစ်ခဲ့ရပြီး ပွဲကို လာမယ့် ဇူလိုင်လထဲကို ရွှေ့ဆိုင်းလိုက်ရတဲ့အကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ထုတ်ပြန်ကြေညာထားပါသည်။ ဒါ့အပြင် ဇူလိုင်လအတွင်း ကျင်းပမယ့် ဆွေးနွေးပွဲကိုတော့ ခွင့်ပြုချက်တင်မှာ မဟုတ်ကြောင်းလည်း ကြေညာထားသည်။
အလားတူ ဒီနေ့ မှာ ကျောင်းသားနဲ့ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ဒဂုံတက္ကသိုလ်မှာ ဟောပြောပွဲပြုလုပ်ဖို့ စီစဉ်နေပါသည်။
(ကိုးကား- RFAအွန်လိုင်းသတင်း)