လူငယ်နယ်လှည့်ကျောင်းဆရာလေးစိုင်းလောင်မိန်းသည် တက်ကြွသည့်ရှမ်းအမျိုးသားကျောင်းဆရာတစ်ယောက်ဖြစ်ကာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ နယ်၊ မိုင်းသော်အရှေ့ ၊ဘုရားငါးဆူရွာတွင်ကြီးပြင်းလာသူတစ်ဦးဖြစ်သည်။
ယခုဖေါ်ပြမည့်တွေ့ ဆုံမေးမြန်းခန်းထဲတွင် ၄င်းကိုယ်နှိုက် ကြုံတွေ့ နေရသည့် ဝေးလံခေါင်ဖျားဒေသအတွင်း တစ်ရွာဝင်တစ်ရွာထွက်ကာ မတူညီကွဲပြားသည့်ဒေသခံများနှင့်မည်သို့ မည်ပုံဆက်ဆံရပုံနှင့် အခက်အခဲအတားအဆီးများမည်မျှရှိစေကာမူ အဘယ်ကြောင့် နယ်လှည့်ကျောင်းဆရာတစ်ဦးအဖြစ်ဆက်လက်ကြိုးစားရပ်တည်နေမှုအပါအ၀င် အခြားပညာရေး၊လူမှုရေးနှင့်သက်ဆိုင်သည့်အကြောင်းအရာများကိုပါ ဆွေးနွေးထားပါသည်။
မေး- MTTမဖြစ်လာခင် ယခင်ဘာအလုပ်တွေလုပ်ခဲ့ပါသလဲ
ဖြေ- MTT မလုပ်ခင်မှာ ရွာတွင်တောင်ယာအလုပ်လုပ်ကိုင်ရင်း နွေရာသီအချိန်တွင် မိမိရွာမျာမိခင်ဘာသာပြဆရာအဖြစ် (၈)နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့တယ်။ ရပ်ရွာအတွင်းရှိ လူငယ်အဖွဲ့အစည်းမှာလည်းပဲ ဒု-ခေါင်းဆောင်အဖြစ်ပါဝင်ထမ်းဆောင်ခဲ့ပါတယ်။ ထို့နည်းတူစွာ မိမိရိုးရာယဉ်ကျေးမှုအကဆရာအဖြစ်လည်းထမ်းဆောင်ခဲ့ဖူးပါတယ်။
မေး- ဆရာ့အနေနဲ့ MTTစတင်လုပ်ဖြစ်ခဲ့သည့်အကြောင်းအရင်းပြောပြပေးနိုင်မလား။
ဖြေ- ဟုတ်ကဲ့ပါ။ MTTစလုပ်ဖြစ်ခဲ့ရသည့်အကြောင်းအရင်းကတော့ဒီလိုပါ။ မိခင်ဘာသာစာပြဆရာတစ်ဦးတစ်ယောက်အနေဖြင့် ပြောရမည်ဆိုရင် မိမိရဲ့ရပ်ရွာတစ်ရွာတည်းကိုပဲ ပညာရေးပိုင်းတွင် မတိုးတက်စေချင်ဘူးပေါ့နော်။တစ်ခြားဒေသရှိကလေးငယ်များကိုလည်း စာတတ်မြောက်စေချင်တယ်။တိုးတက်စေချင်တယ်။ ကျောင်းနေရမယ့်အရွယ်တွေက အရွယ်နှင့်မမျှပဲ တောင်ယာအလုပ်များမှာ သူတို့၏ရှေ့ရေးဘ၀ ကိုမနှစ်မြှုပ်စေချင်တာအမှန်ပါ။ အကယ်လို့ မိမိရဲ့ရွာတွင်မှာသာ ဆက်လက်လုပ်ကိုင်မည်ဆိုရင် Community Network ချိတ်ဆက်မှုသည်လည်း မိမိ၏ရွာအတွင်းလောက်သာချိတ်ဆက်နိုင်မယ်။တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုသည့်ဆိုရိုးအတိုင်း မိမိအတွက်လည်းဒီထက်ကောင်း မွန်လာအောင် ကိုယ်တိုင်ရှာဖွေမှရမှာဖြစ်ကြောင်းတွေးမိတယ်။ ဒါကြောင့် မိမိ၏ရွာတစ်ရွာတွင်သာ စာသင်ကြားနေမည့်အစားတစ်ခြားဒေသရှိ ကလေးများအတွက်လည်း ငါလုပ်ရမယ် ဆိုပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း(တောင်ကြီး) နှင့်ချိတ်ဆက်ပြီးနွေရာသီမိခင်ဘာသာပြဆရာ အဖြစ်နယ်လှည့်ပြီးသွားရောက်သင်ကြားပေးခဲ့ရာမှအောက်တိုဘာလတွင်ယခုလက်ရှိCREDမှာ ဒုဥက္ကဌတာဝန်ထမ်းဆောင်နေတဲ့ ဆရာဦးစိုင်းအောင်သန်းမှ အဖွဲ့မှာတာဝန်ထမ်းဆောင်ရန်အတွက် ၀န်ထမ်းလိုအပ်နေကြောင်း၊ထိုအလုပ်သည်မိမိနှင့်လည်းသင့်တော်ကြောင်းသတင်းပေးကမ်းလှမ်းလာတဲ့အတွက် မိမိ၏လူမျိုးအတွက် ဒီထက်ပိုကောင်းမွန်အောင်လုပ်ပေးမယ်ကလေးများအတွက်သာမက မိမိအတွက် လည်းတက်လမ်းတစ်ခုဖြစ်သလိုမိမိ၏လူမျိုးအတွက်လည်းကောင်းကျိုးအတွက်များလည်းဆောင်ရွက်ရတဲ့အတွက် ယခုလိုMTTအလုပ်ကို ၂၀၁၇အောက်တိုဘာလကတည်းကစတင်လုပ်ဖြစ်သွားတာပါ။
မေး- MTTရှိခြင်းဖြင့်ဒေသအတွက်ဘာတွေအကျိုးကျေးဇူးရရှိပါသလဲ
ဖြေ- MTTရှိခြင်းဖြင့် ဒေသတွင်းရှိ ဖြစ်ပျက်နေတဲ့အခြေအနေများကို သိလာရတယ်။ ကလေးသူငယ်များရဲ့ပညာရေးအခြေအနေသော်လည်းကောင်း၊ကျေးရွာသူကျေးရွာသားများ၏လုပ်ကိုင်စားသောက်နေထိုင်မှုများနှင့်ကျောင်းကော်မတီများ၏ပညာရေးတွင်မည်သို့မည်ပုံတစ်ဘက်တစ်လမ်းကနေပါဝင်နေကြတာကိုလည်းသိရှိရတယ်။ထိုထက်မကကလေးသူငယ်များအတွက်သင်ကြားသင်ယူမှုလွယ်ကူစေရန်ဆရာ၊မများမှမည်သို့သောနည်းလမ်းများ၊မည်သည့်ဗဟုသုတများ၊မည်သို့သောစွမ်းဆောင်နိုင်မှုများနှင့်လက်တွဲခေါ်ဆောင်ကြတာကိုလည်းလေ့လာတွေ့ရှိနိုင်ခြင်းအားဖြင့်နောက်နောင်များတွင်ဒီထက်မကတိုးတက်ကောင်းမွန်လာစေရန်အတွက်မည်သည့်သင်တန်းများ၊မည်သည့်သင်ကြားမှုနည်းလမ်းများ၊ ပညာရေးနှင့်ပတ်သက်သောမည်သည့်သင်တန်းအမျိုးအစားများ ထပ်မံထည့်သွင်းပို့ချရမှာကိုလည်း တွေ့ရှိနိုင်တာပေါ့လေ။အရင်ကဆိုရင် မိဘအများစုဟာ မိမိတို့ကလေးများရဲ့ရှေ့ရေးအတွက်ပညာရေးဆိုတာ ဘယ်လောက်အထိအရေးပါမှန်းမသိရာကနေ အခုလိုMTTများထားရှိခြင်းအတွက် ကွင်းဆင်းလေ့လာရာအချိန်တွေမှာ မိဘများနဲ့ တွေ့ဆုံပြီး အသိပညာများပေးမှု၊ဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် မိဘများမှယခင်ကထက်ပိုမိုသိရှိလာပြီး ပညာရေးပိုင်းတွင် အားပေးလာကြတယ်။ ရပ်ရွာအတွင်းမှာ လေလွင့်နေမည့်အစား ကျောင်းပြင်ပဘက်ကို မရောက်ကြရတော့ပဲပညာရေးများကို ကောင်းမွန်စွာလေ့လာသင်ကြားခွင့်ရရှိလာတာပေါ့နော်။ အဲဒါကြောင့်MTTများရှိခြင်းသည် ဒေသရှိရပ်ရွာများအတွက်သော်လည်းကောင်း၊ ကလေးငယ်များအတွက်သော်လည်ကောင်း များစွာသောအထောက်အကူပေးနိုင်တဲ့ပြီး ဒေသအတွက်အကျိုးများစွာရရှိနိုင်တယ်။
မေး- MTTများရဲ့စိန်ခေါ်မှုတွေက ဘာတွေလဲ
ဖြေ- နယ်လှည့်ခရီးသွားချိန်ကြုံရတဲ့လမ်းခရီးအခက်အခဲများလည်းကြုံတွေ့ရတာပေါ့။ရာသီဥတုအခြေအနေအပေါ်မှသာမူတည်ပါတယ်။တစ်ခါတစ်လေ နိုင်ငံရေးအခြေအနေမတည်ငြိမ်ဖြစ်တဲ့အချိန်နဲ့  တိုက်ဆိုင်နေပါကလမ်းခရီးတွင်မိုးချုပ်ရခြင်း၊စစ်ကြောင်းများနှင့်ရင်ဆိုင်ရခြင်း၊မေးမြန်းခံရခြင်း၊စစ်ဆေးခြင်းများ ပြုလုပ်ခံရတယ်။ တစ်ချို့နေရာများဆိုရင်ရလာတဲ့ဒေတာများကိုဖျက်ဆီးခံလိုက်ရတာများလည်းကြုံခဲ့ဖူးတယ်။ ဘယ်လောက်ပဲပင်စိန်ခေါ်မှုများနဲ့ ကြုံတွေ့ ပေမယ့်လည်း ငါ့လူမျိုး အတွက်ငါလုပ်ရဦးမယ်။ ငါလက်လျော့လိုက်ရင် ဒီကလေး၊ဒီဒေသအတွက်ဘယ်သူကလာရောက်ကူညီပေးမလဲ ဆိုတဲ့စိတ်တစ်ခုတည်းသာ ရှေ့သို့ဆက်လှမ်းချီတယ်။ စစ်ဆေးမှုများနဲ့ ကြုံတွေ့  ရင်လည်းကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့ပညာရေးအကြောင်းများကိုရှင်းပြပေးသလို ပါလာတဲ့စာရွက်စာတမ်းများထုတ်ပြတယ်၊ ဘယ်ကိုသွားပြီး ဘာသွားလုပ်မလဲ စသည်ဖြင့်ပေါ့ဗျာ။ ဖြေရှင်းရင်ဆိုင်ကျော်ဖြတ်ရတာပေါ့။ တစ်ချို့လမ်းခရီးများကျတော့ တောင်ပြိုတာရယ်၊ လမ်းကြောင်းပိတ်တာရယ်နဲ့ ပဲ မကြာသင့်ပဲကြာသွားတဲ့ခရီးလည်းကြုံခဲ့ဖူးတယ်။တစ်ခါတစ်လေ မိုးတွေက သဲကြီးမဲကြီးရွာသွန်းတဲ့အချိန်မျိုးတွေမှာတော့ ရေကြီးပြီးတစ်ဖက်ကမ်းကိုကူးမရတော့ပဲ အနီးအနားအနားရွာမှသောင်တင်စောင့်ဆိုင်းရတဲ့အခါမျိုးလည်းရှိတာပေါ့လေ။ ဒေသတွင်းမှာနေထိုင်ကြတဲ့ တစ်ခြားလူမျိုးများနှင့်တွေ့ဆုံချိန်မှာ ဘာသာစကားအခက်အခဲများနဲ့ ကြုံရတတ်တယ်။မိဘများနဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း အတွေ့အကြုံမရှိသေးရင်တော့ စကားပြောရာမှာအထစ်အငေါ့ဖြစ်သွားတာကိုလည်းကြုံခဲ့ရပါတယ်။ အထူးသဖြင့် နွေရာသီသင်တန်းများပြုလုပ်ချိန်မှာလည်း ကိုယ်သင်မယ့်သင်ခန်းစာများကို မကျေညက်တာလား၊ အတွေ့အကြုံမရင့်ကျက်သေးတာလား၊ မေ့သွားတာကြောင့်ပဲလား။ သင်တန်းသားများမေးလာတဲ့ချိန်မှာ ချက်ချင်းမဖြေဆိုနိုင်တဲ့အချိန်များလည်းကြုံရပါတယ်။ တစ်ခါတစ်လေ သင်ကြားမှုဘောင်မှထွက်သွားပြီးသင်ရမယ့်သင်ခန်းစာနဲ့ မကိုက်ညီတော့တဲ့အခြေအနေမျိုးလည်းကြုံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ကိုယ့်အရည်အချင်းကိုတော့ အမြဲမြှင့်တင်ရမှာပဲပေါ့လေနော်။
မေး- MTTတစ်ယောက်ရဲ့မရှိမဖြစ်လိုအပ်တဲ့အရည်အချင်းတွေက ဘာတွေလဲ
ဆက်ဆံရေးကောင်းးမွန်ပြေပြစ်သူတစ်ယောက်ဖြစ်ရပါမယ်။ ခရီးထွက်နိုင်သောသူဖြစ်သလို အပြောအဆိုပြေပြစ်ရမယ်။သင်ကြားသင်ယူမှုများပြုလုပ်နိုင်သူဖြစ်သလို အပြုအမူကောင်းများရှိသူဖြစ်ရပါမယ်။ရိုးသားကြိုးစားပြီး စာရိတ္တကောင်းမွန်သူဖြစ်ရပါမယ်။
မေး- ဆရာ့ရဲ့ ပီတိအဖြစ်ရဆုံးအချိန်ကဘယ်အချိန်များမှာလဲ
ဖြေ- ကိုယ်သွားရမယ့်ရွာကို လမ်းခရီးချောချောမောမောအဆင်ပြေပြေနဲ့ ရောက်သွားတဲ့အချိန်ပေါ့။ လိုအပ်တဲ့အချက်အလက်များကိုစုံစုံလင်လင်ရတဲ့အချိန်လေးတွေရယ်၊ ကလေးများနဲ့  တွေ့ဆုံတဲ့အချိန်နဲ့  သူတို့ကိုစာသင်ပေးရတဲ့အချိန်မှာရောပေါ့နော်။ကျောင်းသားမိဘများကဖက်လှဲတကင်းကြိုဆိုပြီးတရင်းတနှီးစကားစမြည်ပြောကြတဲ့အခါတိုင်းပီတိဖြစ်မိတယ်။ သက်ဆိုင်ရာဒေသအဖွဲ့ အစည်းတွေက မငြီးမငြူပဲ စေတနာအရင်းခံပြီးတစ်ရွာဝင်တစ်ရွာထွက်လိုက်ပို့ ပေးတဲ့အခါတိုင်းလည်း ပီတိဖြစ်မိတာပေါ့လေနော်။
မေး- ကွင်းဆင်းတဲ့အချိန်တွင်းမှာပေါ့နော် ဆရာ့ရဲ့အားလပ်ချိန်တွေမှာဘာတွေလုပ်ဖြစ်သေးလဲ
ဖြေ- ကိုယ်လုပ်ရမယ့်လုပ်ငန်းအပြင် ကျောင်းပိတ်ရက်များနဲ့ တိုက်ဆိုင်နေတယ်ဆိုရင်တော့ ကျောင်းသားမိဘတွေနဲ့  တောင်ယာထဲလိုက်ပြီးကူညီပေးတယ်။ တစ်ခါတစ်လေကျောင်းသန့်ရှင်းရေးကိုလည်းကူလုပ်ပေးတယ်။ ကျောင်းကော်မတီများနဲ့  တွေ့ဆုံပြီး သူတို့ တစ်တွေကြုံတွေ့ရတဲ့ရပ်ရွာအခြေအနေများနဲ့  ပတ်သက်ပြီးကိုယ်သိသမျှအပြန်အလှန်Sharingလုပ်ဖြစ်တယ်။
မေး- နယ်လှည့်ကျောင်းဆရာလုပ်ငန်းဒီ့ထက်တိုးတက်အောင်မြင်အောင် ဘာတွေလုပ်ဖို့ စိတ်ကူးရှိပါသလဲ
ဖြေ- နယ်လှည့်လုပ်ငန်းဒီ့ထက်မကတိုးတက်အောင်မြင်လာအောင် သင်တန်းများစွာထပ်တက်ချင်တယ်။ ဒီထက်လည်းကြိုးစားမယ်။ ရသမျှအခွင့်အရေးကိုလည်းအကျိုးရှိရှိအသုံးချသွားမှာပါ။ ထိုနည်းတူစွာပဲ MTTများပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် သူတို့ နဲ့  ကိုက်ညီမယ့်သင်တန်းများကိုလည်းစီစဉ်ပေးရန်လိုအပ်ပါတယ်။ လက်တွေ့လုပ်ငန်းများလည်းကြိမ်ပေါင်းများစွာပြုလုပ်ပေးရန်လည်းလိုအပ်ပါတယ်။ သို့မှသာ ပြသာနာများနဲ့ အခက်အခဲများကြုံလာပါက တွေဝေမှုမရှိပဲ ချက်ချင်းလက်ငင်းဖြေရှင်းနိုင်မှာပါ။