ADRA-Myanmar ၏နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုဖြင့် RISEမှဦးဆောင်ကာ ၄င်း၏မိတ်ဖက်များဖြစ်သည့် ကချင်၊ ကယန်း၊ ကရင်၊ ချင်း၊ ဇိုမီး၊ ရှမ်း၊ တအာန်း၊ လားဟူနှင့် ပအို့ ဝ်များပါဝင်သည့် စစ်တမ်းရလဒ်အားတရားဝင်အတည်မပြုခင် ပြန်လည်သုံးသပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီဇင်္ဘာ ၁၀ရက်မှ ၁၂နေ့ အထိကျင်းပခဲ့သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် စက်တင်္ဘာလမှနိုဝင်္ဘာလအထိ ၃လတာကာလ တိုင်းရင်းသားဒေသအသီးသီးအတွင်းစစ်တမ်းကောက်ယူရရှိရန်အလို့ ငှာ အချက်အလက် ၃ခုဖြစ်သည့် စာဖတ်နိုင်စွမ်းရည်နှင့်တွက်ချက်မှုစွမ်းရည်၊ စာသင်ကြားမှုအားအကဲဖြတ်ခြင်းနှင့်ကျောင်းပြင်ပရောက်ကလေးသူငယ်များပါဝင်ကာ စစ်တမ်းကောက်ယူခြင်းရလဒ်များကို ADRA၏စစ်တမ်းပညာရှင်များမှRISEကွန်ရက်အဖွဲ့ အစည်းများအားပြန်လည်တင်ပြကာ လိုအပ်သည်များကိုထည့်သွင်းအတည်ပြုချက်ရယူခဲ့ပါသည်။
စစ်တမ်းကောက်ယူရာတွင် RISEမိတ်ဖက်ကျောင်းအားလုံး၏ကျောင်းပေါင်း၁၅၉ကျောင်းကိုကောက်ယူခဲ့ကာ ရပ်ရွာအကြီးအကဲများ၊ မိဘ၊ ကျောင်းဆရာ၊ ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသားများအားအဓိကဦးတည်ထားပြီးမေးမြန်းခဲ့သည်။ စစ်တမ်း၏၉၀ရာခိုင်နှုန်းမှာ ဒုတိယတန်းနှင့်တတိယတန်းများဖြစ်သည့်အပြင် မူလတန်းအဆင့်ဥာဏ်ရည်ဥာဏ်သွေးစစ်ဆေးရာတွင် ကျောင်းသူမိန်းကလေးများသည် ကျောင်းသားယောင်္ကျားကလေးများထက် စာဖတ်နိုင်မှုစွမ်းရည်နှင့်တွက်ချက်နိုင်မှုစွမ်းရည် ၅၂ရာခိုင်နှုန်းရှိနေသည်ကို စစ်တမ်းအရသိရသည်။
ကရင်ကျောင်းဆရာ၊ဆရာမများသမဂ္ဂ(KTWG)မှဆရာမလယ်ထူးက “ဒီနေရာမှာဘာကိုညွှန်ပြသလဲဆိုရင် ကျောင်းသားကလေးတွေကို ဆရာ၊ ဆရာမတွေကပိုပြီးအချိန်ပေးရမယ်။ ယောင်္ကျားလေးအများစုဟာ အငြိမ်မနေတတ်ကြဘူး။ အတန်းထဲမှာ တစ်နေကုန်ထိုင်ပြီးစာသင်ရတာငြီးငွေ့ တယ်။ အဲဒီတော့ ယောင်္ကျားလေးတွေကိုဆွဲခေါ်ကိုင်တွယ်ရမယ့်နည်းလမ်းတွေ ဆရာ၊ ဆရာမတွေကိုသင်တန်းပေးတဲ့အခါတိုင်းထည့်သွင်းစဉ်းစားရပါမယ်။”
စစ်တမ်း၏ထွက်ပေါ်လာသည့်ရလဒ်ထဲတွင် ကျောင်းထွက်နိုင်ခြေရှိသည့်ကလေးငယ်များမှာ အညွှန်းကိန်းမြင့်မားနေကာ ၄င်း၏နောက်ခံအကြောင်းရင်းများထဲမှအဓိကအကြောင်းရင်းတစ်ခုမှာ မိဘများပညာရေးတွင်စိတ်ပါဝင်စားမှုမရှိမှုနှင့် အရေးတယူမပြုမှုများဖြစ်သည်။
ဇိုမီးဖွံ့ ဖြိုးရေးဖောင်ဒေးရှင်းမှဆရာမကိုပီက “ပညာရေးအမြင်ဖွင့်ပွဲပြုလုပ်တဲ့ရည်ရွယ်ချက်က ကျောင်းသားမိဘတွေ ပညာရေးအခန်းကဏ္ဍမှာ တန်ဘိုးထားလာအောင်နဲ့  သူတို့ ကလေးတွေရဲ့ပညာရေးကိုအားပေးလာအောင်ပါ။ ဒီလိုပညာရေးအမြင်ဖွင့်ပွဲပြုလုပ်တဲ့အခါမှာလည်း လူဦးရေကသတ်မှတ်ထားတာမရှိပေမယ့် ရွေးချယ်တဲ့နေရာကနည်းတဲ့အခါကျတော့ ထိရောက်သလောက်မထိရောက်တော့ဘူး။ ဖြစ်နိုင်ရင်တော့ လူဦးရေသိပ်မများပေမယ့် နေရာအတော်များများလုပ်နိုင်ရင်တော့ ပိုပြီးထိရောက်မှုရှိမယ်။ ဘာကြောင့်လည်းဆိုရင် အဝေးမှာရှိတဲ့ရွာအများစုက လာရောက်ပြီးမတက်ရောက်နိုင်လို့ ပါ။”
မိခင်ဘာသာစကားသင်ကြားမှုအပိုင်းအားစစ်တမ်းကောက်ယူရာတွင် ကရင်နှင့်ရှမ်းနှစ်ဖွဲ့ တည်းသာကောက်ယူခဲ့ပြီး ကျန်သည့်မိတ်ဖွဲ့ အဖွဲ့ အစည်းမှာမူ အကြောင်းအမျိုးမျိုးကြောင့်ကောက်ယူမှုမရှိပဲ မြန်မာဘာသာတစ်ခုတည်းကိုသာစစ်တမ်းကောက်ယူခဲ့ပါသည်။
တိုင်းရင်းသားဒေသအတွင်းပထမဆုံးအကြိမ်ပြုလုပ်သည့်ဤပညာရေးစစ်တမ်းအား လာမည့် ၂၀၁၉ဖေဖေါ်ဝါရီလတွင်အပြီးသတ်ထုတ်ပြန်သွားရန်ရှိကြောင်းသိရသည်။